12. ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
13. အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ကြရ၏။
14. ကိုယ်ခန္ဓာ၌ အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာရှိသည်မဟုတ်ဘဲ များစွာရှိ၏။
15. ခြေက “ငါသည် လက်မဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
16. နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
17. ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိဖြစ်လျှင် မည်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားဖြစ်လျှင် မည်သို့အနံ့ရနိုင်မည်နည်း။
18. သို့ရာတွင် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအင်္ဂါအစိတ်အပိုင်းများကို ကိုယ်ခန္ဓာ၌ အသီးသီးပြင်ဆင်ပေးတော်မူ၏။
19. အားလုံးသည် အင်္ဂါအစိတ်အပိုင်းတစ်မျိုးတည်းဖြစ်ခဲ့လျှင် ကိုယ်ခန္ဓာသည် အဘယ်မှာရှိမည်နည်း။
20. ယခုမူကား အင်္ဂါအစိတ်အပိုင်းသည် များစွာရှိသော်လည်း ကိုယ်ခန္ဓာသည် တစ်ခုတည်းရှိ၏။
21. မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။