ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12:10-26 Myanmar Standard Bible (MSB)

10. အ​ခြား​တစ်​ဦး​အား တန်​ခိုး​လက္ခ​ဏာ​ပြု​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား စိတ်​ဝိ​ညာဉ်​တို့​ကို​ပိုင်း​ခြား​၍​သိ​ရှိ​နိုင်​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား အ​ခြား​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​နိုင်​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား ထို​ဘာ​သာ​စ​ကား​များ​၏​အ​နက်​ကို​ဖော်​ပြ​နိုင်​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။

11. ထို​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​သည် ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို လုပ်​ဆောင်​တော်​မူ​၍ အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​ဆု​ကျေး​ဇူး​များ​ကို တစ်​ဦး​စီ​အား အ​သီး​သီး​ခွဲ​ဝေ​ပေး​တော်​မူ​၏။

12. ထို့​ကြောင့် ကိုယ်​ခန္ဓာ​သည် တစ်​ခု​တည်း​ဖြစ်​သော်​လည်း အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​စွာ​ရှိ​၍ ကိုယ်​ခန္ဓာ​၌​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​စွာ​ရှိ​သော်​လည်း အား​လုံး​သည် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့ ခ​ရစ်​တော်​သည်​လည်း ထို​နည်း​တူ​ဖြစ်​တော်​မူ​၏။

13. အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့ ဗတ္တိ​ဇံ​ခံ​ကြ​ပြီး အား​လုံး​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ကို သောက်​ကြ​ရ​၏။

14. ကိုယ်​ခန္ဓာ​၌ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​ရှိ​သည်​မ​ဟုတ်​ဘဲ များ​စွာ​ရှိ​၏။

15. ခြေ​က “ငါ​သည် လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

16. နား​က​လည်း “ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

17. ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မျက်​စိ​ဖြစ်​လျှင် မည်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် နား​ဖြစ်​လျှင် မည်​သို့​အ​နံ့​ရ​နိုင်​မည်​နည်း။

18. သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို ကိုယ်​ခန္ဓာ​၌ အ​သီး​သီး​ပြင်​ဆင်​ပေး​တော်​မူ​၏။

19. အား​လုံး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​မျိုး​တည်း​ဖြစ်​ခဲ့​လျှင် ကိုယ်​ခန္ဓာ​သည် အ​ဘယ်​မှာ​ရှိ​မည်​နည်း။

20. ယ​ခု​မူ​ကား အင်္ဂါ​အ​စိတ်​အ​ပိုင်း​သည် များ​စွာ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​သည် တစ်​ခု​တည်း​ရှိ​၏။

21. မျက်​စိ​က လက်​အား “သင့်​ကို ငါ​အ​လို​မ​ရှိ”​ဟု ပြော​၍​မ​ရ​သ​ကဲ့​သို့ ဦး​ခေါင်း​က​လည်း ခြေ​တို့​အား “သင်​တို့​ကို ငါ​အ​လို​မ​ရှိ”​ဟု ပြော​၍​မ​ရ​ပေ။

22. ထို​မျှ​မ​က ကိုယ်​ခန္ဓာ​၌ ပို​၍​အား​နည်း​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့​သည် ပို​၍​ပင်​လို​အပ်​သော အင်္ဂါ​များ​ဖြစ်​ကြ​၏။

23. ကိုယ်​ခန္ဓာ​တွင် ဂုဏ်​သ​ရေ​မဲ့​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့​ကို ပို​၍​ကြီး​သော​ဂုဏ်​သ​ရေ​ဖြင့် ငါ​တို့​ဆင်​ယင်​တတ်​ကြ​၏။ ငါ​တို့​၏​အ​မြင်​မ​တင့်​တယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို​လည်း အ​မြင်​တင့်​တယ်​အောင် ပို​၍​ဂ​ရု​စိုက်​တတ်​၏။

24. အ​မြင်​တင့်​တယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​မူ​ကား ထို​သို့​ပြု​ရန်​မ​လို​အပ်​ပေ။ သို့​သော် ဘု​ရား​သ​ခင်​သည် ဂုဏ်​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​အား သာ​၍​ကြီး​သော​ဂုဏ်​သ​ရေ​ကို​ပေး​၍ ကိုယ်​ခန္ဓာ​ကို ပေါင်း​စပ်​ဖွဲ့​စည်း​တော်​မူ​၏။

25. ဤ​သည်​ကား ကိုယ်​ခန္ဓာ​၌ ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​သည် အ​ချင်း​ချင်း​ဂ​ရု​စိုက်​ကြ​စေ​ရန်​အ​တွက်​ဖြစ်​၏။

26. သို့​ဖြစ်​၍ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​သည် ဝေ​ဒ​နာ​ခံ​စား​ရ​လျှင် အင်္ဂါ​အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​သည် အ​တူ​တ​ကွ​ခံ​စား​ရ​ကြ​၏။ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ခံ​ရ​လျှင် အင်္ဂါ​အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​သည် အ​တူ​တ​ကွ​ဝမ်း​မြောက်​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12