2. အားလုံးသည် မိုးတိမ်နှင့်ပင်လယ်ထဲတွင် မောရှေ၌ ဗတ္တိဇံခံခဲ့ကြ၏။
3. သူတို့အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာအစာကို စားခဲ့၍
4. အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
5. သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ရကြ၏။
6. ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။
7. “လူတို့သည် ထိုင်၍စားသောက်ကြ၏။ နောက်တစ်ဖန် ထ၍ကခုန်မြူးထူးကြ၏”ဟု ရေးထားသည့်အတိုင်း သင်တို့သည် ထိုသူအချို့တို့ကဲ့သို့ ရုပ်တုကိုးကွယ်သူများ မဖြစ်ကြလေနှင့်။
8. သူတို့ထဲမှ အချို့တို့သည် တရားနှင့်မညီမေထုန်ပြုသကဲ့သို့ ငါတို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအမှုကို မပြုဘဲ နေကြကုန်စို့။ သူတို့သည် တရားနှင့်မညီမေထုန်ပြုသဖြင့် တစ်ရက်အတွင်း လူနှစ်သောင်းသုံးထောင်သေဆုံးခဲ့ကြ၏။
9. သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
10. သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
11. ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
12. ထို့ကြောင့် ရပ်နေသည်ဟုထင်မှတ်သောသူသည် မလဲစေရန် သတိပြုစေ။
13. လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။