7. ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။
8. ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
9. မိမိ၏သားတော်တည်းဟူသော ငါတို့သခင်ယေရှုခရစ်တော်၏မိတ်သဟာယဖွဲ့ခြင်းထဲသို့ သင်တို့ကိုခေါ်တော်မူသောဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
10. ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
11. အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အထဲတွင် ပဋိပက္ခဖြစ်ခြင်းရှိသည်ဟု ခလောဣအိမ်သားများက သင်တို့အကြောင်းကို ငါ့အားပြောပြကြ၏။
12. သင်တို့အသီးသီးက “ငါသည် ပေါလုတပည့်ဖြစ်သည်။ ငါသည် အာပေါလုတပည့်ဖြစ်သည်။ ငါသည် ကေဖတပည့်ဖြစ်သည်။ ငါသည် ခရစ်တော်တပည့်ဖြစ်သည်”ဟု ပြောဆိုနေကြသောကြောင့် ဤစကားကို ယခု ငါပြောရ၏။
13. ခရစ်တော်ကို ကွဲပြားစေကြပြီလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းကို ခံရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံခံခဲ့ကြသလော။
14. ငါသည် သင်တို့ထဲမှ ကရိပ္ပုနှင့်ဂါယုတို့မှတစ်ပါး အခြားမည်သူ့ကိုမျှ ဗတ္တိဇံမပေးခဲ့သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်၏။
15. သို့ဖြစ်၍ ငါ၏နာမ၌ ဗတ္တိဇံခံခဲ့သည်ဟု မည်သူမျှ ပြောစရာအကြောင်းမရှိ။
16. ငါသည် သတေဖနာ၏အိမ်သူအိမ်သားများကိုလည်း ဗတ္တိဇံပေးခဲ့ပါ၏။ ထိုသူတို့မှလွဲ၍ အခြားသူတစ်စုံတစ်ဦးအား ဗတ္တိဇံပေးခဲ့သည်မပေးခဲ့သည်ကို ငါမမှတ်မိချေ။
17. အကြောင်းမူကား ဗတ္တိဇံပေးစေရန် ခရစ်တော်သည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် စေလွှတ်တော်မူ၏။ ထိုသို့ဟောပြောရာ၌လည်း ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို အချည်းနှီးမဖြစ်စေရန် နှုတ်အတတ်အားဖြင့်ဟောပြောရန်မဟုတ်။
18. အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
19. အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။
20. ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။
21. အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
22. ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကိုတောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကိုရှာဖွေတတ်ကြ၏။
23. ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
24. သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။