ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 9 Myanmar Standard Bible (MSB)

ပေး​လှူ​ခြင်း​အ​တွက်​နှိုး​ဆော်​မှု​များ

1. သန့်​ရှင်း​သူ​တို့​ကို​ထောက်​ပံ့​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ ငါ​သည် သင်​တို့​ထံ​သို့ အ​ထူး​ရေး​သား​ရန်​မ​လို​အပ်​ပေ။

2. အ​ကြောင်း​မူ​ကား သင်​တို့​၏​စေ​တ​နာ​စိတ်​ကို ငါ​သိ​၏။ ထို​စေ​တ​နာ​စိတ်​အ​တွက် ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား “အ​ခါ​ယ​ပြည်​သည် လွန်​ခဲ့​သော​နှစ်​က​တည်း​က​ပင် အ​သင့်​ပြင်​ဆင်​ထား​ပြီ”​ဟု သင်​တို့​အ​ကြောင်း​ကို​ဝါ​ကြွား​ထား​၏။ ထို​အ​ခါ သင်​တို့​၏​စိတ်​အား​ထက်​သန်​မှု​သည် များ​စွာ​သော​သူ​တို့​ကို နှိုး​ဆော်​ပေး​၏။

3. ထို့​ကြောင့် ဤ​ထောက်​ပံ့​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ သင်​တို့​အ​ကြောင်း ငါ​တို့​ဝါ​ကြွား​ထား​သော​အ​ရာ​သည် အ​ချည်း​နှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အ​တိုင်း သင်​တို့​သည် အ​သင့်​ပြင်​ဆင်​ထား​ကြ​မည့်​အ​ကြောင်း ညီ​အစ်​ကို​များ​ကို ငါ​စေ​လွှတ်​၏။

4. သို့​မ​ဟုတ်​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​သည် ငါ​နှင့်​အ​တူ​လိုက်​လာ​၍ သင်​တို့​သည် အ​သင့်​ပြင်​ဆင်​ထား​ခြင်း​မ​ရှိ​ကြောင်း တွေ့​ရှိ​ပါ​က သင်​တို့​ကို​မ​ဆို​ထား​နှင့် ဤ​အ​မှု​၌ သင်​တို့​ကို​စိတ်​ချ​ယုံ​ကြည်​ထား​သော​ငါ​တို့​ပါ အ​ရှက်​ရ​ကြ​လိမ့်​မည်။

5. ထို့​ကြောင့် သင်​တို့​ပေး​လှူ​သော​အ​ရာ​သည် အ​တင်း​ကောက်​ခံ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ရက်​ရော​စွာ​ပေး​လှူ​သော​အ​ရာ​အ​ဖြစ် အ​သင့်​ရှိ​မည့်​အ​ကြောင်း ငါ​သည် ညီ​အစ်​ကို​များ​ကို သင်​တို့​ထံ​သို့ ဦး​စွာ​လာ​ရန် တိုက်​တွန်း​၍ ယ​ခင်​က​တည်း​က သင်​တို့​က​တိ​ပေး​ထား​သည့် ရက်​ရော​စွာ​ပေး​လှူ​သော​အ​ရာ​ကို သင်​တို့​အား​ကြို​တင်​ပြင်​ဆင်​ထား​စေ​ရန် လို​အပ်​သည်​ဟု ယူ​ဆ​၏။

6. ငါ​သည် ဤ​သို့​ဆို​လို​၏။ အ​နည်း​ငယ်​သာ​မျိုး​ကြဲ​သော​သူ​သည် အ​နည်း​ငယ်​သာ​ရိတ်​သိမ်း​ရ​မည်။ များ​စွာ​မျိုး​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​သိမ်း​ရ​မည်။

7. လူ​တစ်​ဦး​စီ​သည် နှ​မြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မ​လွှဲ​မ​ရှောင်​သာ​သော​အား​ဖြင့်​လည်း​မ​ဟုတ်​ဘဲ မိ​မိ​၏​စိတ်​ထဲ​၌ ဆုံး​ဖြတ်​ထား​သည့်​အ​တိုင်း ပေး​လှူ​သင့်​၏။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ကြည်​ဖြူ​သော​စိတ်​ဖြင့်​ပေး​လှူ​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။

8. သင်​တို့​သည် အ​ရာ​ရာ​၌ အ​စဉ်​အ​မြဲ ကျေ​နပ်​တင်း​တိမ်​မှု​အ​ပြည့်​အ​ဝ​ရှိ​၍ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​မည့်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ​သော​ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါ် ကြွယ်​ဝ​စွာ​ချ​ပေး​ရန် တတ်​နိုင်​တော်​မူ​၏။

9. ဤ​သည်​ကား “သူ​သည်​စွန့်​ကြဲ​၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​၏။ သူ​၏​ဖြောင့်​မတ်​ခြင်း​သည် ထာ​ဝ​စဉ်​တည်​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

10. မျိုး​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​ပေး​၍ အ​စာ​အ​တွက် မုန့်​ကို​ပေး​တော်​မူ​သော​အ​ရှင်​သည် သင်​တို့​၏​မျိုး​စေ့​ကို​လည်း ပြင်​ဆင်​ပေး​၍ ပွား​များ​စေ​ကာ သင်​တို့​၏​ဖြောင့်​မတ်​ခြင်း​ဆိုင်​ရာ အ​သီး​အ​ပွင့်​တို့​ကို တိုး​ပွား​စေ​တော်​မူ​လိမ့်​မည်။

11. ထို​အ​ခါ သင်​တို့​သည် ရက်​ရော​စွာ​ပေး​ကမ်း​ခြင်း​အ​လုံး​စုံ​တို့​အ​တွက် အ​ရာ​ရာ​၌ ကြွယ်​ဝ​ပြည့်​စုံ​သ​ဖြင့် ထို​အ​မှု​အ​ရာ​သည် ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို​ဖြစ်​စေ​၏။

12. အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ကူ​ညီ​ထောက်​မ​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့​လို​အပ်​သည့်​အ​ရာ​များ​ကို ဖြည့်​ဆည်း​ပေး​သည်​သာ​မ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို​လည်း များ​စွာ​တိုး​ပွား​စေ​၏။

13. သူ​တို့​သည် ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို ဝန်​ခံ​ခြင်း​အား​ဖြင့်​ဖြစ်​လာ​သည့် သင်​တို့​၏​နာ​ခံ​မှု​ကို​လည်း​ကောင်း၊ သူ​တို့​မှ​စ​၍ လူ​အ​ပေါင်း​တို့​အား သင်​တို့​ရက်​ရော​စွာ​ပေး​ကမ်း​ဝေ​မျှ​သော​အ​မှု​ကို​လည်း​ကောင်း ထောက်​၍ ဤ​ကူ​ညီ​ထောက်​မ​ခြင်း​အ​မှု​၌ ထင်​ရှား​သော​သက်​သေ​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

14. ထို့​ပြင် သင်​တို့​အ​ပေါ်​သက်​ရောက်​သည့် ဘု​ရား​သ​ခင်​၏​ထူး​ကဲ​သော​ကျေး​ဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်း​ဆွတ်​လျက် သင်​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လိမ့်​မည်။

15. ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်​တော်​၏​ကောင်း​ချီး​လက်​ဆောင်​အ​တွက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။