15. ထိုအခါ “များများရသောသူလည်းမပို နည်းနည်းရသောသူလည်းမလို”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ညီတူညီမျှဖြစ်လိမ့်မည်။
16. သင်တို့အပေါ် ငါထားရှိသော စိတ်အားထက်သန်မှုမျိုးကို တိတု၏စိတ်နှလုံးထဲ၌ ထည့်သွင်းပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
17. တိတုသည် ငါတို့၏တိုက်တွန်းမှုကိုလက်ခံသည်သာမက အလွန်ထက်သန်သောစိတ်ရှိ၍ မိမိစိတ်ဆန္ဒအလျောက် သင်တို့ထံသို့လာ၏။
18. တိတုနှင့်အတူ ညီအစ်ကိုတစ်ဦးကို ငါတို့စေလွှတ်လိုက်ပါ၏။ သူသည် ကောင်းမြတ်သောသတင်းကိုဟောပြောရာတွင် အသင်းတော်တိုင်း၌ ချီးမွမ်းခြင်းခံရသူဖြစ်သည်သာမက
19. သခင်ဘုရားကိုယ်တော်တိုင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်တို့ကိုထင်ရှားစေရန် ငါတို့ပြုစုနေသော ဤကျေးဇူးပြုခြင်းအမှု၌ ငါတို့နှင့်အတူလိုက်ပါရန် အသင်းတော်များထံမှ ခန့်ထားခြင်းခံရသူလည်းဖြစ်၏။
20. ငါတို့ပြုစုနေသည့် ဤရက်ရောစွာပေးလှူခြင်းအမှုနှင့်ပတ်သက်၍ မည်သူမျှ ငါတို့ကို ပြစ်တင်ဝေဖန်ခြင်းမပြုနိုင်ရန် ငါတို့သတိပြုကြ၏။
21. အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။
22. ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။
23. တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။