3. ထိုသို့လွှမ်းခြုံရလျှင် ငါတို့သည် အဝတ်မပါအချည်းစည်းဖြစ်ကြလိမ့်မည်မဟုတ်။
4. အကြောင်းမူကား ငါတို့သည် ဤယာယီတဲတွင်ရှိနေစဉ် လေးလံသောဝန်ကိုထမ်း၍ ညည်းတွားကြ၏။ ထိုသို့ညည်းတွားကြခြင်းမှာ ထိုတဲကိုချွတ်ပယ်လို၍မဟုတ်ဘဲ ၎င်းအပေါ်၌လွှမ်းခြုံလို၍သာဖြစ်ပြီး ထိုသို့အားဖြင့် သေတတ်သောအရာသည် အသက်ရှင်ခြင်းထဲတွင် နစ်မြုပ်စေခြင်းခံရရန်ဖြစ်၏။
5. ဤအမှုအရာအတွက် ငါတို့ကိုပြင်ဆင်ပေးတော်မူသောအရှင်ကား ဝိညာဉ်တော်ကို စရန်အဖြစ် ငါတို့အားပေးတော်မူသော ဘုရားသခင်ပေတည်း။
6. ထို့ကြောင့် ငါတို့သည် အစဉ်အမြဲယုံကြည်စိတ်ချမှုရှိကြ၏။ ဤကိုယ်ခန္ဓာ၌ ငါတို့ရှိနေသရွေ့ သခင်ဘုရားနှင့်ဝေးကွာလျက်ရှိကြောင်းကိုလည်း ငါတို့သိကြ၏။
7. အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လျှောက်လှမ်းကြ၏။
8. ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။
9. သို့ဖြစ်၍ ငါတို့သည် ကိုယ်ခန္ဓာ၌ရှိသည်ဖြစ်စေ၊ ဝေးကွာလျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှစ်သက်တော်မူသောသူဖြစ်မည့်အကြောင်း ရည်မှန်းကြိုးစားကြ၏။
10. အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
11. ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
12. ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်တို့ရှေ့၌ ထောက်ခံချီးကျူးနေကြသည်မဟုတ်။ သို့သော် စိတ်နှလုံးကိုမကြည့်ဘဲ အပြင်သဏ္ဌာန်ကိုသာကြည့်၍ ဝါကြွားတတ်သောသူတို့၏စကားကို သင်တို့ပြန်လည်ချေပနိုင်ရန် ငါတို့နှင့်ပတ်သက်၍ ဝါကြွားရသောအခွင့်ကို သင်တို့အားပေးလိုက်ခြင်းသာဖြစ်၏။
13. အကြောင်းမူကား ငါတို့သည် စိတ်ဖောက်ပြန်နေသည်ဆိုလျှင် ဘုရားသခင်အတွက်ဖြစ်၍ ပကတိစိတ်ရှိလျှင် သင်တို့အတွက်ဖြစ်၏။
14. အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
15. ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့အတွက် အသက်မရှင်တော့ဘဲ သူတို့အတွက်အသေခံတော်မူပြီး ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ကြရန်ဖြစ်၏။