5. သို့သော် တစ်စုံတစ်ယောက်သည် ဝမ်းနည်းခြင်းကိုဖြစ်စေခဲ့လျှင် သူသည် ငါ့ကိုဝမ်းနည်းစေသည်မဟုတ်ဘဲ မယုတ်မလွန်ပြောရလျှင် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကိုဝမ်းနည်းစေခဲ့၏။
6. လူအများစုထံမှ ထိုသူခံရသောအပြစ်ဒဏ်သည် သူ့အတွက် လုံလောက်ပေ၏။
7. ထို့ကြောင့် ယခုအခါတွင် သင်တို့သည် သူ့ကိုခွင့်လွှတ်၍ နှစ်သိမ့်ပေးသင့်၏။ သို့မဟုတ်လျှင် သူသည် ကြီးစွာသောဝမ်းနည်းခြင်း၌ နစ်မွန်းသွားလိမ့်မည်။
8. ထို့ကြောင့် သင်တို့သည် ထိုသူအပေါ်မေတ္တာပြရန် သင်တို့အား ငါတောင်းပန်၏။
9. သင်တို့သည် အရာရာ၌ နာခံမှုရှိမရှိ ငါသိရှိနိုင်ရန်အတွက် သင်တို့ကိုစမ်းသပ်သည့်အနေဖြင့် ထိုစာကိုငါရေးသားခဲ့ခြင်းဖြစ်၏။
10. သင်တို့ခွင့်လွှတ်သောသူကို ငါသည်လည်းခွင့်လွှတ်၏။ ငါသည် တစ်စုံတစ်ဦးကိုခွင့်လွှတ်လျှင် သင်တို့အတွက် ခရစ်တော်၏ရှေ့တော်၌ခွင့်လွှတ်၏။
11. ဤသည်ကား စာတန်သည် ငါတို့အပေါ်အမြတ်မထုတ်စေရန်အတွက်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သူ၏တွေးတောကြံစည်မှုများကို မသိသည်မဟုတ်။
12. ငါသည် ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် တရောမြို့သို့ရောက်သောအခါ သခင်ဘုရားသည် ငါ့အတွက်တံခါးဖွင့်ပေးခဲ့သော်လည်း
13. ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
14. သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
15. အကြောင်းမူကား ငါတို့သည် ကယ်တင်ခြင်းခံရသောသူတို့တွင်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင်လည်းကောင်း ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏မွှေးကြိုင်သောရနံ့ဖြစ်ကြ၏။