3. သူသည် ပရဒိသုဘုံထဲသို့ ချီဆောင်ခြင်းခံရ၏။ ထိုသို့ချီဆောင်ခြင်းခံရာ၌ ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်ခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။
4. သူသည် လူတို့ပြောခွင့်မရှိ၊ ပြောပြ၍လည်းမရနိုင်သောစကားတို့ကို ကြားခဲ့ရ၏။
5. ထိုသို့သောသူနှင့်ပတ်သက်၍ ငါဝါကြွားမည်။ ငါနှင့်ပတ်သက်၍မူကား ငါ၏အားနည်းခြင်းအကြောင်းမှတစ်ပါး ဝါကြွားခြင်းကို ငါမပြု။
6. ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက် သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
7. ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
8. ဤကိစ္စနှင့်ပတ်သက်၍ ၎င်းကို ငါ့ထံမှဖယ်ရှားပေးပါမည့်အကြောင်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းလျှောက်ခဲ့၏။
9. သို့သော် ကိုယ်တော်က “ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။
10. သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။
11. ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
12. အမှန်စင်စစ် ငါ၏တမန်တော်ဖြစ်ခြင်း၏အမှတ်လက္ခဏာများမှာ အလုံးစုံသောသည်းခံခြင်းဖြင့် သင်တို့တွင်ပြုသော နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများနှင့် တန်ခိုးများပင်ဖြစ်ကြ၏။
13. ငါကိုယ်တိုင်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ခြင်းမှတစ်ပါး သင်တို့၌ အခြားသောအသင်းတော်များထက် ပို၍ဂုဏ်ငယ်စရာအကြောင်း တစ်စုံတစ်ခုရှိသလော။ ဤမမျှတမှုအတွက် ငါ့ကိုခွင့်လွှတ်ကြလော့။