1. ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
2. လွန်ခဲ့သောတစ်ဆယ့်လေးနှစ်က တတိယကောင်းကင်တိုင်အောင် ချီဆောင်ခြင်းခံရသည့် ခရစ်တော်၌တည်သောလူတစ်ဦးကို ငါသိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်ခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။
3. သူသည် ပရဒိသုဘုံထဲသို့ ချီဆောင်ခြင်းခံရ၏။ ထိုသို့ချီဆောင်ခြင်းခံရာ၌ ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်ခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။
4. သူသည် လူတို့ပြောခွင့်မရှိ၊ ပြောပြ၍လည်းမရနိုင်သောစကားတို့ကို ကြားခဲ့ရ၏။
5. ထိုသို့သောသူနှင့်ပတ်သက်၍ ငါဝါကြွားမည်။ ငါနှင့်ပတ်သက်၍မူကား ငါ၏အားနည်းခြင်းအကြောင်းမှတစ်ပါး ဝါကြွားခြင်းကို ငါမပြု။
6. ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက် သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
7. ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
8. ဤကိစ္စနှင့်ပတ်သက်၍ ၎င်းကို ငါ့ထံမှဖယ်ရှားပေးပါမည့်အကြောင်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းလျှောက်ခဲ့၏။