ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11:6-21 Myanmar Standard Bible (MSB)

6. ငါ​သည် အ​ဟော​အ​ပြော​ပိုင်း​၌ ကျွမ်း​ကျင်​မှု​မ​ရှိ​လျှင်​ပင် အ​သိ​ပ​ညာ​ပိုင်း​၌​မူ​ကား ထို​သို့​မ​ဟုတ်​ပေ။ ငါ​တို့​သည် ဤ​အ​ချက်​ကို အ​ရာ​ရာ​၌ နည်း​အ​မျိုး​မျိုး​ဖြင့် သင်​တို့​ထံ ထင်​ရှား​စေ​ခဲ့​ပြီ။

7. သင်​တို့​ချီး​မြှောက်​ခြင်း​ခံ​ရ​ဖို့​ရန် ငါ​သည် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား အ​ခ​မဲ့​ဟော​ပြော​ခြင်း​ဖြင့် အ​ပြစ်​ကျူး​လွန်​ခဲ့​သ​လော။

8. ငါ​သည် သင်​တို့​အ​မှု​ကို​ဆောင်​ရွက်​ရန် အ​ခြား​သော​အ​သင်း​တော်​များ​ထံ​မှ စ​ရိတ်​တောင်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​ကို​လု​ယူ​ခဲ့​၏။

9. မာ​ကေ​ဒေါ​နိ​ပြည်​မှ​လာ​သော ညီ​အစ်​ကို​များ​သည် ငါ​လို​အပ်​သည့်​အ​ရာ​ကို ဖြည့်​ဆည်း​ပေး​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ် လို​အပ်​ချက်​ရှိ​သည့်​အ​ခါ မည်​သူ့​အ​တွက်​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​ပေ။ ငါ​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် မိ​မိ​ကိုယ်​ကို အ​ရာ​ရာ​၌​စောင့်​စည်း​ခဲ့​သည့်​နည်း​တူ နောင်​၌​လည်း စောင့်​စည်း​ဦး​မည်။

10. ခ​ရစ်​တော်​၏​သမ္မာ​တ​ရား​သည် ငါ​၌​ရှိ​သည်​နှင့်​အ​ညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်​ယူ​ဝါ​ကြွား​ခြင်း​ကို အ​ခါ​ယ​ပြည်​တစ်​လျှောက်​၌ မည်​သူ​မျှ ပိတ်​ပင်​၍​ရ​မည်​မ​ဟုတ်။

11. အ​ဘယ်​ကြောင့်​နည်း။ ငါ​သည် သင်​တို့​ကို​မ​ချစ်​သော​ကြောင့်​လော။ ငါ​ချစ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

12. သို့​ရာ​တွင် ငါ​တို့​ကဲ့​သို့ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​စေ​မည့်​အ​ခွင့်​ကို ရ​ယူ​လို​သော​သူ​တို့​ထံ​မှ ထို​အ​ခွင့်​ကို​ဖြတ်​တောက်​ရန် ငါ​ပြု​နေ​သည့်​အ​ရာ​ကို ဆက်​၍​ပြု​ဦး​မည်။

13. အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ခ​ရစ်​တော်​၏​တ​မန်​တော်​များ​အ​ဖြစ် ယောင်​ဆောင်​နေ​ကြ​သည့် တ​မန်​တော်​အ​တု​အ​ယောင်​များ၊ လှည့်​ဖြား​တတ်​သော​လုပ်​သား​များ​ဖြစ်​ကြ​၏။

14. ဤ​သည်​ကား အံ့​ဩ​စ​ရာ​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် စာ​တန်​ပင်​လျှင် အ​လင်း​၏​ကောင်း​ကင်​တ​မန်​အ​ဖြစ် ယောင်​ဆောင်​တတ်​၏။

15. သို့​ဖြစ်​၍ စာ​တန်​၏​အ​မှု​ဆောင်​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​၏​အ​မှု​ဆောင်​အ​ဖြစ် ယောင်​ဆောင်​ကြ​လျှင် အံ့​ဩ​စ​ရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိ​ဂုံး​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​အ​တိုင်း​ဖြစ်​လိမ့်​မည်။

16. တစ်​ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်​မဲ​သော​သူ​ဖြစ်​သည်​ဟု မည်​သူ​မျှ မ​ထင်​မှတ်​စေ​နှင့်။ သို့​သော် သင်​တို့​သည် ထို​သို့​ထင်​မှတ်​ခဲ့​လျှင် ငါ​၌ ဝါ​ကြွား​စ​ရာ​အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ရန် ငါ့​ကို မိုက်​မဲ​သော​သူ​အ​ဖြစ်​ပင် လက်​ခံ​ကြ​လော့။

17. ငါ​သည် ဤ​ကဲ့​သို့ ရဲ​ရင့်​စွာ​ဝါ​ကြွား​ပြော​ဆို​ခြင်း​မှာ သ​ခင်​ဘု​ရား​အား​ဖြင့် ပြော​ဆို​သည်​မ​ဟုတ်​ဘဲ မိုက်​မဲ​သော​သူ​ကဲ့​သို့ ပြော​ဆို​ခြင်း​ဖြစ်​၏။

18. လူ​များ​စွာ​တို့​သည် ဇာ​တိ​သ​ဘော​ဖြင့် ဝါ​ကြွား​ကြ​သည်​ဖြစ်​၍ ငါ​သည်​လည်း ဝါ​ကြွား​မည်။

19. အ​မှန်​စင်​စစ် သင်​တို့​သည် ပ​ညာ​သ​တိ​ရှိ​သော​သူ​များ​ဖြစ်​သော​ကြောင့် မိုက်​မဲ​သော​သူ​တို့​ကို ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​၏။

20. တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်​စေ၊ အ​ခွင့်​ကောင်း​ယူ​သည်​ဖြစ်​စေ၊ လု​ယူ​သည်​ဖြစ်​စေ၊ အ​ထင်​အ​မြင်​သေး​သည်​ဖြစ်​စေ၊ ပါး​ရိုက်​သည်​ဖြစ်​စေ သင်​တို့​သည် သည်း​ခံ​ကြ​၏။

21. ငါ​တို့​သည် ထို​သို့​ပြု​ရန် အား​နည်း​ခဲ့​ကြောင်း ရှက်​ရွံ့​စွာ​ပင် ငါ​ဝန်​ခံ​၏။ သို့​သော် တစ်​ဦး​တစ်​ယောက်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ​၌ ဝါ​ကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါ​ကြွား​ဝံ့​သည်​ဟု မိုက်​မဲ​စွာ​ငါ​ပြော​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 11