5. အမှန်စင်စစ် ငါသည် ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ဟု ငါထင်မှတ်၏။
6. ငါသည် အဟောအပြောပိုင်း၌ ကျွမ်းကျင်မှုမရှိလျှင်ပင် အသိပညာပိုင်း၌မူကား ထိုသို့မဟုတ်ပေ။ ငါတို့သည် ဤအချက်ကို အရာရာ၌ နည်းအမျိုးမျိုးဖြင့် သင်တို့ထံ ထင်ရှားစေခဲ့ပြီ။
7. သင်တို့ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကိုနှိမ့်ချလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းဖြင့် အပြစ်ကျူးလွန်ခဲ့သလော။
8. ငါသည် သင်တို့အမှုကိုဆောင်ရွက်ရန် အခြားသောအသင်းတော်များထံမှ စရိတ်တောင်းယူခြင်းအားဖြင့် သူတို့ကိုလုယူခဲ့၏။
9. မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။
10. ခရစ်တော်၏သမ္မာတရားသည် ငါ၌ရှိသည်နှင့်အညီ ငါ၌ရှိသည့် ဤဂုဏ်ယူဝါကြွားခြင်းကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ ပိတ်ပင်၍ရမည်မဟုတ်။
11. အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
12. သို့ရာတွင် ငါတို့ကဲ့သို့ ဝါကြွားစရာအကြောင်းရှိစေမည့်အခွင့်ကို ရယူလိုသောသူတို့ထံမှ ထိုအခွင့်ကိုဖြတ်တောက်ရန် ငါပြုနေသည့်အရာကို ဆက်၍ပြုဦးမည်။
13. အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။
14. ဤသည်ကား အံ့ဩစရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန်အဖြစ် ယောင်ဆောင်တတ်၏။
15. သို့ဖြစ်၍ စာတန်၏အမှုဆောင်တို့သည်လည်း ဖြောင့်မတ်ခြင်း၏အမှုဆောင်အဖြစ် ယောင်ဆောင်ကြလျှင် အံ့ဩစရာမဟုတ်။ ထိုသူတို့၏နိဂုံးသည် မိမိတို့ပြုသောအမှုများအတိုင်းဖြစ်လိမ့်မည်။
16. တစ်ဖန် ငါဆိုသည်ကား ငါ့ကို မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေနှင့်။ သို့သော် သင်တို့သည် ထိုသို့ထင်မှတ်ခဲ့လျှင် ငါ၌ ဝါကြွားစရာအခွင့်အနည်းငယ်ရှိစေရန် ငါ့ကို မိုက်မဲသောသူအဖြစ်ပင် လက်ခံကြလော့။
17. ငါသည် ဤကဲ့သို့ ရဲရင့်စွာဝါကြွားပြောဆိုခြင်းမှာ သခင်ဘုရားအားဖြင့် ပြောဆိုသည်မဟုတ်ဘဲ မိုက်မဲသောသူကဲ့သို့ ပြောဆိုခြင်းဖြစ်၏။
18. လူများစွာတို့သည် ဇာတိသဘောဖြင့် ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။
19. အမှန်စင်စစ် သင်တို့သည် ပညာသတိရှိသောသူများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ဝမ်းမြောက်စွာသည်းခံကြ၏။
20. တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
21. ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။
22. သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးအနွယ်ဖြစ်ကြသလော။ ငါလည်းဖြစ်၏။