20. တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
21. ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။
22. သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးအနွယ်ဖြစ်ကြသလော။ ငါလည်းဖြစ်၏။
23. သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။
24. ငါသည် ဂျူးလူမျိုးတို့၏အချက်လေးဆယ် တစ်ချက်လျော့ ရိုက်နှက်ခြင်းကို ငါးကြိမ်ခံခဲ့ရ၏။
25. ကြိမ်လုံးနှင့်ရိုက်နှက်ခြင်းကို သုံးကြိမ်၊ ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်စီးရာ၌ သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။
26. မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
27. ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
28. ဤပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းသည်လည်း နေ့စဉ်နှင့်အမျှ ငါ့ကိုဖိစီးနေ၏။
29. တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
30. ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏အားနည်းခြင်းနှင့်ပတ်သက်သောအရာများကို ငါဝါကြွားမည်။
31. ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။