13. အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။
14. ဤသည်ကား အံ့ဩစရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန်အဖြစ် ယောင်ဆောင်တတ်၏။
15. သို့ဖြစ်၍ စာတန်၏အမှုဆောင်တို့သည်လည်း ဖြောင့်မတ်ခြင်း၏အမှုဆောင်အဖြစ် ယောင်ဆောင်ကြလျှင် အံ့ဩစရာမဟုတ်။ ထိုသူတို့၏နိဂုံးသည် မိမိတို့ပြုသောအမှုများအတိုင်းဖြစ်လိမ့်မည်။
16. တစ်ဖန် ငါဆိုသည်ကား ငါ့ကို မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေနှင့်။ သို့သော် သင်တို့သည် ထိုသို့ထင်မှတ်ခဲ့လျှင် ငါ၌ ဝါကြွားစရာအခွင့်အနည်းငယ်ရှိစေရန် ငါ့ကို မိုက်မဲသောသူအဖြစ်ပင် လက်ခံကြလော့။
17. ငါသည် ဤကဲ့သို့ ရဲရင့်စွာဝါကြွားပြောဆိုခြင်းမှာ သခင်ဘုရားအားဖြင့် ပြောဆိုသည်မဟုတ်ဘဲ မိုက်မဲသောသူကဲ့သို့ ပြောဆိုခြင်းဖြစ်၏။
18. လူများစွာတို့သည် ဇာတိသဘောဖြင့် ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။
19. အမှန်စင်စစ် သင်တို့သည် ပညာသတိရှိသောသူများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ဝမ်းမြောက်စွာသည်းခံကြ၏။
20. တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
21. ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။
22. သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးအနွယ်ဖြစ်ကြသလော။ ငါလည်းဖြစ်၏။
23. သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။
24. ငါသည် ဂျူးလူမျိုးတို့၏အချက်လေးဆယ် တစ်ချက်လျော့ ရိုက်နှက်ခြင်းကို ငါးကြိမ်ခံခဲ့ရ၏။