1. သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
2. ငါတို့ကို သွေးသားဇာတိအလိုသို့လိုက်၍ အသက်ရှင်လျှောက်လှမ်းနေကြသူကဲ့သို့ သတ်မှတ်သောသူအချို့တို့အပေါ် ရဲဝံ့စွာပြုမူရမည်ဟု ငါယုံကြည်ခံယူထားသည့်အတိုင်း ငါရောက်လာသောအခါ ထိုသို့ရဲဝံ့ပြတ်သားစွာမပြုမူရစေရန် ငါတောင်းပန်၏။
3. အဘယ်ကြောင့်ဆိုသော် ငါတို့သည် သွေးသားဇာတိ၌ အသက်ရှင်လျှောက်လှမ်းကြသည်မှန်သော်လည်း သွေးသားဇာတိအလိုသို့လိုက်၍ တိုက်ပွဲဝင်ကြသည်မဟုတ်။
4. အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက
5. ဘုရားသခင်ကိုသိသောဉာဏ်ကို ဆန့်ကျင်တားဆီးသည့် စဉ်းစားဆင်ခြင်မှုနှင့်မာန်မာနရှိသမျှတို့ကိုဖြိုဖျက်၍ ခပ်သိမ်းသောတွေးတောကြံစည်မှုများကို ဖမ်းဆီးချုပ်နှောင်ကာ ခရစ်တော်အား နာခံစေကြ၏။
6. သင်တို့သည် နာခံမှုနှင့်ပြည့်စုံသောအခါ မနာခံမှုရှိသမျှတို့ကို တရားသဖြင့်စီရင်ရန် ငါတို့အသင့်ရှိကြ၏။
7. သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
8. အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
9. ငါသည် သင်တို့ကို စာများဖြင့်ခြောက်လှန့်နေသည်ဟု မထင်မှတ်စေလိုပေ။
10. အကြောင်းမူကား “ပေါလု၏စာများသည် လေးနက်၍ ဩဇာပါသော်လည်း လူကိုယ်တိုင်တွေ့ရသောအခါ သူသည် အားနည်း၍ သူ၏အဟောအပြောသည်လည်း အထင်ကြီးဖွယ်မရှိ”ဟု ဆိုသောသူရှိ၏။
11. ငါတို့သည် အဝေး၌ရှိနေစဉ် စာ၌ရေးလိုက်သည့်စကားအတိုင်း ကိုယ်တိုင်ရောက်လာသောအခါ၌လည်း ပြုမည်ဖြစ်ကြောင်း ထိုသူသိမှတ်ပါစေ။