1. ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
2. ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ၌လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။