17. ထိုတရားသူကြီးတို့စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း၍ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကိုကျင့်၍ လိုက်သောလမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။
18. ထာဝရဘုရားသည် တရားသူကြီးကိုပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက်ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။
19. တရားသူကြီးသေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။
20. ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကို နားမထောင်။ သူတို့ဘိုးဘေးတို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ဖျက်သောကြောင့်၊
21. ယောရှုသေသောနောက် ကျန်ကြွင်းရစ်သောလူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။
22. သူတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည်စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသောလူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊
23. ထိုလူမျိုးကို ယောရှုလက်၌မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ၏။