ဝတ်​ပြု 8:15-23 Judson Bible (BJB)

15. နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည်ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ထည့်သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌သွန်၍၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။

16. အအူကိုဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။

17. အရေ၊ အသား၊ ချေးနုနှင့်တကွ နွားကောင်ကို၊ တပ်ပြင်မှာရှို့ရ၏။

18. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်းဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ကြ၏။

19. သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။

20. သိုးကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတစ်များနှင့် ဆီဥကို မီးရှို့လေ၏။

21. ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကိုဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သောယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာဖြစ်သတည်း။

22. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ခန့်ထားရာ သိုးကိုဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကိုသိုးခေါင်းပေါ်မှာ တင်ကြ၏။

23. သိုးကိုသတ်ပြီးမှ၊ မောရှေသည်အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။

ဝတ်​ပြု 8