ရှင်မာကု 14:21-29 Judson Bible (BJB)

21. ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကို မခံရလျှင်အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။

22. ထိုအခါစားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့် ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။

23. ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။

24. ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏အသွေးဖြစ်၏။

25. ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။

26. ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။

27. ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။

28. သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊

29. ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက်လေ၏။

ရှင်မာကု 14