ရှင်မာကု 12:15-26 Judson Bible (BJB)

15. အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှိုဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။ ဒေနာရိတပြားကို ငါကြည့်ဘို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊

16. သူတို့သည်ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကားအဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊

17. ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။

18. ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ချည်းကပ်၍၊

19. အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။

20. ညီအစ်ကိုခုနှစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊

21. သူ၏မယာကိုသူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။

22. ထို့အတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထို မိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။

23. သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည်ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။

24. ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။

25. သေခြင်းမှ ထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု၊ ကောင်းကင်တမန် ကဲ့သို့ ဖြစ်ကြ၏။

26. ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်၌ သင်တို့သည် မဘတ်ဘူးသလော။

ရှင်မာကု 12