12. ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။
13. တဖန်စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။
14. ထိုသူတို့သည် ချည်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။
15. အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှိုဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။ ဒေနာရိတပြားကို ငါကြည့်ဘို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊
16. သူတို့သည်ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကားအဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊
17. ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။
18. ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ချည်းကပ်၍၊
19. အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။
20. ညီအစ်ကိုခုနှစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
21. သူ၏မယာကိုသူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။
22. ထို့အတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထို မိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။
23. သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည်ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။
24. ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။
25. သေခြင်းမှ ထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု၊ ကောင်းကင်တမန် ကဲ့သို့ ဖြစ်ကြ၏။
26. ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်၌ သင်တို့သည် မဘတ်ဘူးသလော။
27. ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။
28. ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကိုသိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည်သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊
29. ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘရားသည် တပါးတည်းဖြစ်တော်မူ၏။
30. သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။
31. ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့်သဘောတူ၏။ ဤပညတ်တို့ထက်သာ၍ကြီးမြတ်သော ပညတ်မရှိဟုပြန်၍ မိန့်တော်မူ၏။
32. ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့်တော်မူပြီ။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။