9. အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ၏။
10. စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။
11. ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ်တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ၍၊
12. ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသား ဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
13. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
14. တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ၍၊ ကာလကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး၌ထားလော့။
15. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြလေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။
16. ထိုသို့နေရိသား ဗာရုတ်၌ စာချုပ်ကို အပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊
17. အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်မတတ်နိုင်သော အရာတစုံတစခုမျှ မရှိပါ။
18. ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက် ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော်မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။
19. ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသောအမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသားများ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။