3. အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သားများတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
4. အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
5. ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
6. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။