ယေ​ဇ​ကျေ​လ 45:13-23 Judson Bible (BJB)

13. ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲကို ပူဇော်ရမည်။

14. ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရတွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။

15. သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စားရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

16. ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။

17. မင်းသားသည်လည်းပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကိုလည်း ပူဇော်ရမည်။

18. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။

19. ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင်အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါးတိုင်၌၎င်း ထည့်ရမည်။

20. ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။

21. ပဌမလတဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။

22. ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့၎င်း၊ ပြည်သူပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကို အပြစ်ဖြေရာ ယဇ်ပူဇော်ရမည်။

23. ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို၎င်း၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို၎င်း နေ့တိုင်းပူဇော်ရမည်။

ယေ​ဇ​ကျေ​လ 45