15. ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသောဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲ အသက်ရှင်ရာ ပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။
16. ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။
17. သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။
18. ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။
19. ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
20. သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။
21. သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။