ယော​ရှု 8:10-16 Judson Bible (BJB)

10. နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့သို့ အဦးချီသွားလေ၏။

11. ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည်လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။

12. တဖန်အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလမြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ၏။

13. ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်းခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညဉ့်တွင် ချိုင့်အလယ်သို့ သွားလေ၏။

14. ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင်လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင်အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက်မှာ ကင်းတပ်ရှိမှန်းကို မသိ။

15. ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။

16. သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။

ယော​ရှု 8