ယော​ရှု 22:11-24 Judson Bible (BJB)

11. ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ၏။

12. ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌စည်းဝေးကြ၏။

13. ဣသရေလအမျိုးသားတို့သည်၊

14. ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။

15. ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊

16. ထာဝရဘုရား၏ပရိသတ်အပေါင်းတို့ မှာလိုက်သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော်သို့ မလိုက်၊ ယနေ့လွှဲသွားခြင်းငှါ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။

17. သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဘို့မလောက်သလော။ ထာဝရဘုရား၏ ပရိသတ်တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ်မရှင်းလင်းသေး။

18. သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။

19. သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရားအပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဘို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။

20. ဇေရသားအာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည်မဟုတ်ဟု ဆိုကြ၏။

21. ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ်သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊

22. မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင်သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန်မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ဘေးမလွတ်ပါစေနှင့်။

23. ထိုပလ္လင်ပေါ်မှာမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ်ကြောတော်မူပါစေ။

24. နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အို ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင်ကြသနည်း။

ယော​ရှု 22