မြည်​တမ်း​စ​ကား 3:40-60 Judson Bible (BJB)

40. ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။

41. ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့်ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။

42. အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။

43. အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။

44. အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာတော်မူ၏။

45. အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖြစ်စေတော်မူ၏။

46. ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။

47. အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။

48. ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊

49. ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။

50. ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။

51. ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။

52. အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။

53. မြေတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။

54. ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။

55. အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။

56. အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။

57. အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သောအခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။

58. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။

59. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။

60. သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။

မြည်​တမ်း​စ​ကား 3