10. ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကို ငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
11. ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
12. သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
13. အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ်သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင်သနည်း။
14. သင်၏ပရောဖက်တို့သည် အချည်းနှီးသောအရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
15. လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေတပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
16. သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
17. ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော်မူပြီ။ ရန်သူသည် သင်၏အပေါ်မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
18. သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေလော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။