ထွက်​မြောက် 32:12-18 Judson Bible (BJB)

12. အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့်၊ သူတို့ကိုတောတောင်များ၌သတ်၍ မြေကြီးပေါ်ကသုတ်သင်ပယ်ရှင်းခြင်းအလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။

13. ကိုယ်တော်က သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သောဤမြေရှိသမျှကို သင်တို့အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကိုခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကိုအောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။

14. ထာဝရဘုရားသည် မိမိလူတို့အားအပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။

15. မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်ကဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။

16. ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာတင်တော်မူသောစာ ဖြစ်သတည်း။

17. လူများကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။

18. မောရှေကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။

ထွက်​မြောက် 32