4. ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသောကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။
5. ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
6. ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော်တဆောင်တည်းဖြစ်ရမည်။
7. တဲတော်ဖုံးအုပ်ဘို့ အခြားသောကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
8. ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
9. ကုလားကာငါးထည်တစပ်၊ ခြောက်ထည် တစပ်တည်းချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။
10. ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။
11. ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်းပူးတွဲသဖြင့်၊ တဲတဆောင်တည်းဖြစ်ရမည်။
12. ထိုအပေါ်တဲ၌ပိုသော ကုလားကာတဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။