ထွက်​မြောက် 24:7-14 Judson Bible (BJB)

7. ပဋိညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။

8. မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။

9. ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့သည်တက်၍၊

10. ဣသရေလအမျိုး၏ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့၎င်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့၎င်း ထင်လေ၏။

11. ဣသရေလအမျိုးသားမှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကိုမြင်ရသော်လည်း၊ စားသောက်လျက်နေကြ၏။

12. ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့တက်၍နေလော့။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊

13. မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။

14. အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။

ထွက်​မြောက် 24