ထွက်​မြောက် 17:5-16 Judson Bible (BJB)

5. ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏လှံတံကိုကိုင်လျက်၊ ဟောရပ်အရပ်သို့သွားလော့။

6. ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲကရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။

7. ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင်ရှိသလော မရှိလောဟု ထာဝရဘုရားကိုစုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟုသမုတ်သတည်း။

8. ထိုအခါ အာမလက်လူတို့သည်လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။

9. မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။

10. မောရှေမှာလိုက်သည်အတိုင်းယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့တက်ကြ၏။

11. မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည်နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။

12. သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။

13. ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကိုထားလက်နက်ဖြင့် လုပ်ကြံလေ၏။

14. ထာဝရဘုရားကလည်း၊ ဤအမှုကိုအောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအားဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကိုငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။

15. မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။

16. အကြောင်းမူကား၊ အာမလက်လူမျိုး၏လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ရန်ဘက်ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကိုစစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။

ထွက်​မြောက် 17