1. တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။
2. လူများတို့သည် မောရှေအားအော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။
3. ထာဝရဘုရား၏မီးသည် သူတို့တွင်လောင်သောကြောင့် ထိုအရပ်ကို တဗေရဟူသောအမည်ဖြင့် မှည့်လေ၏။
4. ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသောတပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကိုအဘယ်သူပေးလိမ့်မည်နည်း။
5. အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသောငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
6. ယခုမှာ ငါတို့အသက်သည်အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
7. မန္နသည်နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
8. လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်းလုပ်ကြ၏။ အရသာသည် မုန့်ဆီကြော်အရသာနှင့်တူ၏။
9. စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
10. ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကိုမောရှေသိမြင်လျှင်၊
11. ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲနေရပါသနည်း။
12. သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။