9. ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
10. လူကလည်း ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
11. ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။
12. လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
13. ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
14. ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
15. သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
16. မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်ဟု မိန့်တော်မူ၏။
17. ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာ စားရမည်။
18. ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။
19. သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
20. ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
21. ထာဝရအရှင်ဘုရားသခင်သည်လည်း လူလင်မယားဘို့သားရေဖြင့် ၀တ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။
22. ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၏။