4. ``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။-
5. သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
6. ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
7. သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
8. အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
9. အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။