10. ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။-
11. ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
12. သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
13. လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-
14. ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ်မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ်စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ်ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကိုမပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ထာဝရဘုရားပိုင်တော်မူသောမြေဖြစ်သတည်း။
15. အလျားရှစ်မိုင်၊ အနံနှစ်မိုင်ရှိသောကျန်မြေကွက်သည်သန့်ရှင်းမြင့်မြတ်သည့်မြေမဟုတ်။ လူတို့အထွေထွေအသုံးပြုရန်အတွက်ဖြစ်၏။ သူတို့သည်ထိုအရပ်တွင်နေထိုင်ကာထိုမြေကိုအသုံးချနိုင်ကြ၏။ ဤမြေ၏အလယ်တွင်မြို့ကိုတည်ဆောက်ရမည်။-
16. ထိုမြို့သည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍တစ်ဘက်စီနှစ်ထောင့်ငါးရာနှစ်ဆယ်ကိုက်ရှိရမည်။-
17. မြို့၏အရှေ့အနောက်၊ တောင်မြောက်အရပ်လေးမျက်နှာတို့တွင်အနံကိုက်တစ်ရာ့လေးဆယ်ရှိသောမြေကွက်လပ်တစ်ခုစီရှိရမည်။-
18. မြို့ကိုတည်ပြီးနောက်သန့်ရှင်းမြင့်မြတ်သည့်နယ်မြေ၏တောင်ဘက်တွင်ကပ်လျက်နေသောမြေယာမှာအရှေ့ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေနှင့်အနောက်ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေတို့သည်မြို့သူမြို့သားတို့ထွန်ယက်စိုက်ပျိုးရန်အတွက်ဖြစ်ရမည်။-
19. ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။-
20. သို့ဖြစ်၍သီးသန့်ထားရမည့်အလယ်နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထိုနယ်မြေအတွင်း၌မြို့တည်ရှိမည်။