1. သင်တို့သည်ခရစ်တော်၌အသက်ရှင်ခြင်း အားဖြင့်ခွန်အားရရှိကြ၏။ ကိုယ်တော်၏ မေတ္တာတော်သည်သင်တို့အားနှစ်သိမ့်ခြင်းကို ပေး၏။ သင်တို့သည်ဝိညာဉ်တော်နှင့်မိတ်သဟာယ ဖွဲ့ခွင့်ကိုရရှိကြ၏။ သင်တို့တွင်အချင်းချင်း သနားကြင်နာစိတ်ရှိကြ၏။-
2. သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။-
3. ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
4. မိမိ၏အကျိုးကိုသာမရှာဘဲအချင်းချင်း ၏အကျိုးကိုရှာကြလော့။-
5. ခရစ်တော်ယေရှု၌ရှိသောစိတ်သဘောမျိုး ကိုသင်တို့၌လည်းရှိစေကြလော့။
6. ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့်ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
7. ယင်းသို့ပြုမည့်အစားမိမိအလိုအလျောက်ဘုန်းအသရေတော်ရှိသမျှကိုစွန့်၍ အစေခံ၏ဇာတိကိုခံယူတော်မူ၏။ကိုယ်တော်သည်လူ့အသွင်ကိုယူဆောင်၍ လူကဲ့သို့သောအဖြစ်ကိုခံယူတော်မူပေသည်။
8. မိမိကိုယ်ကိုနှိမ့်ချတော်မူလျက်လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံသည့်တိုင်အောင်၊နာခံခြင်းလမ်းစဉ်ကို လိုက်လျှောက်တော်မူ၏။
9. ဤအကြောင်းကြောင့်ဘုရားသခင်သည်ကိုယ်တော်အားအထက်ဘဝဂ်သို့တိုင်အောင် ချီးမြှောက်၍၊ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့ နာမကို ပေးသနားတော်မူ၏။
10. ထို့ကြောင့်မိုးမြေနှင့်မြေအောက်ရှိ သတ္တဝါအပေါင်းတို့သည်သခင်ယေရှု၏နာမတော်ကိုရိုသေဦးညွှတ်လျက်၊
11. ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
12-13. သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
14. သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။-